ယုံမှားမှုကင်္ခါ (၁၆) ပါး

၁။ အဟောသိံနုခေါ အဟံ အတီတမဒ္ဓါနံ
အဟံ - ငါသည်၊ အတီတမဒ္ဓါနံ - အတိတ်ကာလ၌၊ အဟောသိံ နုခေါ - ဖြစ်ဖူးလေပြီလောဟူသော မူလပဏ္ဏာသ ပါဠိတော် စသည်တို့နှင့်အညီ သဿတဒိဋ္ဌိအယူကို အမှီပြု၍ အတီတဘဝ အတိတ်ကာလက မိမိဟူသော အတ္တဇီဝ ပုဂ္ဂလသတ္တ၏ ထင်ရှားရှိမှုကို ယုံမှားခြင်းတစ်ပါး၊ အတိတ်က ငါဖြစ်ခဲ့တာ ဟုတ်မှဟုတ်ပါ့မလား။
၂။ နနုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ
ဟူသော ပါဠိတော်နှင့်အညီ ဥစ္ဆေဒဒိဋ္ဌိ အယူကိုမှီ၍ အတိတ်ဘဝ အတိတ်ကာလက မိမိဟူသော အတ္တဇီဝ ပုဂ္ဂလသတ္တ၏ ထင်ရှားမရှိမှုကို မှားယူလျက် ငါသည် အတိတ်ကာလက မဖြစ်ခဲ့ဘူးလောဟု ယုံမှားခြင်း၊ ငါမဖြစ်များ မဖြစ်ခဲ့သလား။
၃။ ကိံနုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ
ဇာတ်လိင်ပဋိသန္ဓေတို့ကို အမှီပြု၍ မင်းပုဏ္ဏား ကုန်သည် သူဆင်းရဲ လူနတ်ဗြဟ္မာ ရဟန်းတို့တွင် ဘယ်အမျိုး၌ ဖြစ်ခဲ့လေသနည်းဟု ယုံမှားခြင်း၊ မင်း၊ ပုဏ္ဏား စသည်ဖြင့် ဘယ်အမျိုးထဲများ ဖြစ်သလဲ။
၄။ ကထံနုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ
သဏ္ဌာန်ကို အမှီပြု၍ အရပ်ရှည်သလော၊ အရပ်နိမ့်သလော၊ ဖြူသလော၊ မဲသလော စသည်ဖြင့် ယုံမှားခြင်း၊ ဘယ်လို ပုံသဏ္ဌာန်နဲ့ ဖြစ်ခဲ့သလဲ။
၅။ ကိံဟုတွာ ကိံ အဟောသိံ နုခေါ အဟံ အတီတမဒ္ဓါနံ
ဇာတ်ကို အမှီပြု၍ မင်းမျိုး၌ ဖြစ်ပြီးမှ ရဟန်း ပုဏ္ဏား ကုန်သည် သူဆင်းရဲတို့တွင် တစ်ခုခု၌ ဖြစ်ဖူးလေသလောဟု ယုံမှားခြင်း၊ ဘယ်ဘဝ ဘယ်ဘဝတွေများကလဲ ဘယ်လိုများ ဖြစ်ခဲ့သလဲ။
ဤကား အတိတ်ဘဝအတွက် ယုံမှားခြင်း ငါးပါးတည်း။

၆။ ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါနံ
အဟံ - ငါသည်၊ အနာဂတမဒ္ဓါနံ - နောင်အနာဂတ်ကာလ၌၊ ဘဝိဿာမိနုခေါ - ဖြစ်ရဦးမည်လောဟု ယုံမှားခြင်း၊ ရှေ့ဘဝတွင် ငါဖြစ်မယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။
၇။ နနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
မိမိသေပျောက်သည့် နောက်ဘဝ၌ မဖြစ်ရတော့ပြီလောဟု ယုံမှားခြင်း၊ ဖြစ်ရောဖြစ်ဦးမှာလား။
၈။ ကိံနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် နောက်ကာလ၌ နောင်ဘဝ၌ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး စသည်တို့တွင် ဘယ်အမျိုး၌ ဖြစ်ရဦးမည်နည်းဟု ယုံမှားခြင်း၊ ဘယ်လိုအမျိုးမှာများ ဖြစ်မလဲ။
၉။ ကထံနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် နောင်ကာလ၌ အရပ်ရှည်ရှည်ဖြစ်မည်လော၊ ပုမည်လော၊ မဲမည်လော၊ ဖြူမည်လော စသည်ယုံမှားခြင်း၊ ဘယ်လို ပုံပန်းသဏ္ဌာန်မျိုးနဲ့များ ဖြစ်မလဲ။
၁၀။ ကိံဟုတွာ ကိံ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် နောင်ဘဝ၌ မင်းမျိုးဖြစ်ပြီးမှ ပုဏ္ဏားမျိုး သူဌေးမျိုး ဆင်းရဲမျိုး ရဟန်းမျိုး ဖြစ်ရမည်လော စသည်ဖြင့် ယုံမှားခြင်း၊ ဖြစ်မယ့်ဘဝ ဘဝတွေ၌လည်း ဘယ်လိုများ ဖြစ်ဦးမှာလဲ။
ဤကား အနာဂတ်ဘဝ၌ ယုံမှားခြင်း ငါးပါးတည်း။

၁၁။ အဟံ နုခေါ အသ္မိ
အဟံ - ငါသည်၊ အသ္မိ နုခေါ - ဖြစ်လေသလော၊ ရှိလေသလော ဟု ယုံမှားခြင်း၊ မျက်မှောက်၌ ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ သို့လော သို့လောဖြစ်ခြင်း။
၁၂။ နောနုခေါသ္မိ
အတ္တဇီဝပုဂ္ဂလသတ္တဟူသော ငါသည် မရှိဘူးလား၊ မဟုတ်ဘူးလားဟု ယုံမှားခြင်း၊ ငါဟုတ်မှ ဟုတ်ရဲ့လား။
၁၃။ ကိံနုခေါသ္မိ
မင်းဖြစ်လျက် မိမိ၏ မင်းအဖြစ်ကို ယုံမှားခြင်း၊ နတ်ဗြဟ္မာဖြစ်လျက် ရုပ်ရှိသလော၊ မရှိသလောဟု ယုံမှားခြင်း၊ ရဟန်းဖြစ်လျက် ကိုယ်ကျင့်တရား ပျက်ပြီလောဟု ယုံမှားခြင်း၊ ငါမဟုတ်ဘဲများ ရှိရော့သလား။
၁၄။ ကထံနုခေါသ္မိ
ကိုယ်ထဲ၌ အသက်လိပ်ပြာရှိသည်ဟု ယူပြီးလျှင် ထိုလိပ်ပြာသည် ပုပုလား၊ ရှည်ရှည်လား၊ အဘယ်ကဲ့သို့ နေမည်နည်းဟု ယုံမှားခြင်း၊ ငါသည် ဘယ်လို အမျိုးဇာတ် ဖြစ်သလဲ။
၁၅။ အဟံနုခေါ သတ္တော ကုတော အာဂတော
ထိုလိပ်ပြာသည် ဘယ်ဘဝမှ ယခုဘဝသို့ ရောက်လာသနည်း စသည် ယုံမှားခြင်း၊ ငါ၏ အတ္တဘောသည် ဘယ်လိုပုံသဏ္ဌာန်မျိုးပါလိမ့်။
၁၆။ သောကုဟိံ ဂါမိ ဘဝိဿတိ
ထိုလိပ်ပြာသည် နောင်ဘယ်ဘဝသို့ သွားမည်နည်း စသည်ဖြင့် ယုံမှားခြင်း။ ငါသည် ဘယ်ဘဝကလာ၍ ဘယ်ဘဝရောက်ဦးမည်နည်း။
ဤကား ပစ္စုပ္ပန်ဘဝ၏ ယုံမှားမှု ၆ ပါး။
(မူလပဏ္ဏသ ပါဠိ သဗ္ဗာသဝသုတ်)