နက္ခတ် (၂၇) လုံး

၁။ အဿဝဏီနက္ခတ် မှာ မြင်းခေါင်းသဏ္ဌာန် ခြောက်လုံးရှိ၍ တူရာသီ စန်းယှဉ်နက္ခတ် ဖြစ်သည်။ ခြောက်လုံး၊ နှစ်လုံး၊ သုံးလုံး မြင်းခေါင်းနှင့် တူ၏။
၂။ ဘရဏီနက္ခတ် မှာ ခုံလောက်သဏ္ဌာန် သုံးလုံးရှိ၍ ဗီရဏီနတ်သမီး ဘုံဗိမာန်ဖြစ်သည် ဆို၏။ ထိုနက္ခတ်ကို ယမမင်းအစိုးရကြောင်းလည်းဆိုသည်။
၃။ ကြတ္တိကာနက္ခတ် မှာ ကြက်ငယ်စုသဏ္ဌာန် ခုနစ်လုံးရှိသည်။ တနည်း စပါးစုသဏ္ဌာန်ဆိတ်ချိုဟန်နှင့် တူ၏။ ဖျောက်ဆိပ်ကြယ်ဟုလည်းကောင်း သူခိုးနက္ခတ်ဟူ၍လည်းကောင်း ခေါ်သည်။ ယင်းနက္ခတ်ကို မီးနတ်မင်း အစိုးရကြောင်းဆို၏။
ဤ နက္ခတ်သုံးလုံးသည် ကျီးတာရာနှင့် ယှဉ်၍ သွား၏။
၄။ ရောဟဏီနက္ခတ် မှာ ငါးကြင်းသဏ္ဌာန် ဆယ်လုံးရှိသည်။ တနည်း ငါးလုံး၊ လှည်းဦးပွတ်နှင့် တူ၏။ ထိုနက္ခတ်ကို ဗြဟ္မာနတ်အစိုးရကြောင်း ဆိုသည်။
၅။ မိဂသီနက္ခတ် မှာ လိပ်ခေါင်းသဏ္ဌာန် သုံးလုံးရှိသည်။ တနည်း သုံးလုံး သမင်ဦးခေါင်းနှင့် တူ၏။ ထိုနက္ခတ်ကို သသီအမည်ရှိသော လ နတ်သားစောင့်ကြောင်း ဆိုသည်။
၆။ အဒြနက္ခတ် မှာ လိပ်လက်သဏ္ဌာန်တစ်လုံးရှိသည်။ တနည်း တစ်လုံးတည်း မှန်ကူသီးနှင့် တူ၏။ ထိုနက္ခတ်ကို ပရမီသွာနတ်မင်း အစိုးရကြောင်း ဆိုသည်။
အထက်ပါ နက္ခတ်သုံးလုံးကား ဟင်္သာတာရာနှင့် ယှဉ်၍ သွား၏။
၇။ ပုဏ္ဏဖုသျှုနက္ခတ် မှာ အဖန်တလဲလဲ မိုးကိုရွာစေတတ်သောကြောင့် ထိုသို့ခေါ်သည်။ လုံးရေငါးလုံးရှိ၍ ပုံသဏ္ဌာန်မှာ သင်္ဘောသဏ္ဌာန်ဖြစ်၏။ တနည်း သုံးလုံးဥဗျိုင်းနှင့် တူ၏။ ထိုနက္ခတ်ကို အဒိတိနတ်သမီး အစိုးရကြောင်း ဆိုသည်။
၈။ ဖုသျှနက္ခတ် မှာ ကျွေးမွေးခြင်း၊ ပွားများခြင်း အနက်ကို စွဲ၍ ဖုသျှဟု ခေါ်ခြင်းဖြစ်သည်။ နက္ခတ်လုံး ဆယ်လုံးရှိ၍ ငှက်ချေးသဏ္ဌာန်ဖြစ်သည်။ တနည်း ဆယ်လုံးမိုးစွေပန်းနှင့် တူ၏။ တနည်း လေးလုံး ဆောင်ပန်းခြေနှင့် တူ၏။ ထိုနက္ခတ်ကို ဇီဝဂြိုဟ်နတ်မင်း အစိုးရကြောင်း ဆိုသည်။
၉။ အသလိဿနက္ခတ် မှာ ခက်ရင်းသဏ္ဌာန် လေးလုံးရှိ၏။ ထိုနက္ခတ်ကို ဖဏိမည်သော မြွေနတ်မင်း အစိုးရကြောင်းဆိုသည်။
ဤနက္ခတ် သုံးလုံးကား ပုစွန်တာရာနှင့် ယှဉ်၍ သွား၏။
၁၀။ မာဃနက္ခတ် မှာ သံကောက်သဏ္ဌာန် လေးလုံးရှိသည်။ ထိုနက္ခတ်ကို ပီတရာနတ်မင်း အစိုးရကြောင်း ဆိုသည်။
၁၁။ ပြုဗ္ဗာဘရဂုဏီနက္ခတ် မှာ ဥတ္တရာ ဘရဂုဏီနက္ခတ်နှင့် ပေါင်း၍ ညောင်စောင်းသဏ္ဌာန် လေးလုံးရှိသည်။ ထိုနက္ခတ်ကို ယောနိနတ်အစိုးရကြောင်း ဆိုသည်။
၁၂။ ဥတ္တရာဘရဂုဏီနက္ခတ် မှာ ပြုဗ္ဗာဘရဏီ နက္ခတ်နှင့် ပေါင်း၍ ညောင်စောင်းသဏ္ဌာန် လေးလုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အယမနတ် အစိုးရကြောင်းလည်း ဆိုသည်။
ဤနက္ခတ်သုံးလုံးကား ချိန်တာရာနှင့် ယှဉ်၍ သွား၏။
၁၃။ ဟဿဒနက္ခတ် မှာ လက်ဝါးနှင့် တူ၍ ခေါ်ခြင်းဖြစ်သည်။ လက်ငါးချောင်းသဏ္ဌာန် ငါးလုံးရှိကြောင်းဆိုသည်။ ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်းလည်း ဆိုလေသည်။
၁၄။ စိတြနက္ခတ်မှာ ပုလဲသဏ္ဌာန်တစ်လုံးရှိသည်။ တနည်း တစ်လုံး ပတ္တမြားအရည်နှင့် တူ၏။ ထိုနက္ခတ်ကို တမ္ဗနတ် အစိုးရသည်ဟု ဆိုသည်။
၁၅။ သွာတိနက္ခတ် မှာ ကသစ်ပွင့်သဏ္ဌာန် နှစ်လုံးရှိသည်။ ထိုနက္ခတ်ကို ပဝနမည်သော လေနတ်မင်း အစိုးရသည်ဟု ဆိုသည်။
ယင်းနက္ခတ်သုံးလုံးကား ဆံကျင်တရာနှင့် ယှဉ်၍ သွား၏။
၁၆။ ဝိသာခါနက္ခတ် မှာ ပတ်ဆိုင်းဝိုင်းသဏ္ဌာန် (၁၄) လုံး ရှိသည်။ ထိုနက္ခတ်ကို သက္ကာနီမည်သော သိကြားမိဖုရား သုဇာတာ အစိုးရကြောင်းဆိုသည်။
၁၇။ အနုရာဓနက္ခတ် မှာ နဂါးလည်ဆစ်သဏ္ဌာန် (၁၅) လုံး ရှိသည်။ ထိုနက္ခတ်ကို မိတ္တမည်သောနတ် အစိုးရကြောင်းဆိုသည်။
၁၈။ ဇေဋ္ဌနက္ခတ် မှာ နဂါးချက်မဟုခေါ်၍ (၅) လုံးရှိ၏။ တနည်း ၅ လုံး၊ ၂ လုံး ကျောက်ပြင် (ပယောနဂါးချက်) နှင့် တူ၏။ ထိုနက္ခတ်ကို သိကြားမင်း အစိုးရကြောင်းဆိုသည်။
ဤနက္ခတ်သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍ သွား၏။
၁၉။ မူလနက္ခတ်မှာ လေးလုံးရှိ၍ နဂါးအမြီးဟုခေါ်သည်။ တနည်း ၄ လုံး၊ ၇ လုံး ကင်းမြီးကောက်နှင့် တူ၏။ ထိုနက္ခတ်ကို နိရတိရက္ခိုသ် အစိုးရကြောင်းဆိုသည်။
၂၀။ ပြုဗ္ဗာသဠ်နက္ခတ် မှာ ဥတ္တရာသဠ်နက္ခတ်နှင့် ပေါင်း၍ ဆင်မလှမ်းဟန် လေးလုံးရှိကြောင်းဆိုသည်။ ထိုနက္ခတ်ကို တောယရေနတ် အစိုးရကြောင်းလည်းဆိုသည်။
၂၁။ ဥတ္တရာသဠ်နက္ခတ် မှာ ပြုဗ္ဗသဠ်နက္ခတ်နှင့် ပေါင်း၍ ဆင်မလှမ်းဟန်လေးလုံးရှိကြောင်းဆိုသည်။ ထိုနက္ခတ်ကို အဿိဒေဝနတ် အစိုးရကြောင်းလည်း ဆိုသည်။
ဤနက္ခတ်သုံးလုံးကား ဆင်တာရာနှင့် ယှဉ်၍ သွား၏။
၂၂။ သရဝဏ်နက္ခတ် မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်းသဏ္ဌာန် သုံးလုံးတန်းလျက်ရှိသည်။ ထိုနက္ခတ်ကို ဟရီမည်သော ဗိဿနိုးနတ်မင်း အစိုးရကြောင်း ဆိုသည်။
၂၃။ ဓနသိဒ္ဓိနက္ခတ် မှာ အင်ကြင်းသီးသဏ္ဌာန် လေးလုံးရှိသည်။ တနည်း ရွှေထီးအရှည်နှင့် တူ၏။ ထိုနက္ခတ်ကို ဝသုနတ်မင်း အစိုးရကြောင်းဆိုသည်။
၂၄။ သတ္တဘိသျှနက္ခတ် မှာ ဆုံကြီးသဏ္ဌာန် ခြောက်လုံးရှိသည်။ တနည်း မှန်ကူနှင့် တူ၏။ ထိုနက္ခတ်ကို ဝရုဏာနတ်မင်း အစိုးရကြောင်း ဆိုသည်။
ယင်းနက္ခတ်သုံးလုံးကား မြင်းတာရာနှင့် ယှဉ်၍ သွားလေသည်။
၂၅။ ပြုဗ္ဗာပုရပိုက်နက္ခတ် မှာ နွားခြေနွားလက်နှင့် တူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ တနည်း ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏။ ဥတ္တရာ ပုရပိုက်နက္ခတ်နှင့် ပေါင်း၍ အင်းပျဉ်သဏ္ဌာန် လေးလုံးရှိသည်ဟု ဆိုသည်။ ထိုနက္ခတ်ကို အဇဒေဝနတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။
၂၆။ ဥတ္တရာပုရပိုက်နက္ခတ်မှာ ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏။ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့် ပေါင်း၍ အင်းပျဉ်သဏ္ဌာန် လေးလုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဟိပြနနတ်မင်း၊ သို့မဟုတ် အဟိဗုဓနတ်မင်း အစိုးရကြောင်းလည်းဆိုသည်။
၂၇။ ရေဝတီနက္ခတ် မှာ မြုံးသဏ္ဌာန် ကိုးလုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်မှာ အဿဝဏီမှ စ၍ရေသော် (၂၇) လုံးမြောက် နောက်ဆုံးနက္ခတ် ဖြစ်သည်။ ထိုနက္ခတ်ကို ပုမာနတ် အစိုးရကြောင်း ဆိုသည်။
ဤနက္ခတ်သုံးလုံးကား ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။

မြန်မာနက္ခတ်ကျမ်းများအရ ကောင်းကင်တွင် နက္ခတ် (၂၇) လုံးရှိသည်။ မြတ်စွာဘုရားလက်ထက် မတိုင်မိက အဘိဇိဟူသော နက္ခတ်တစ်လုံးပါ နက္ခတ် (၂၈) လုံး ရှိခဲ့သော်လည်း နောင်တွင် အဘိဇိနက္ခတ် ပျောက်ကွယ်သဖြင့် နက္ခတ် (၂၇) လုံးသာ ကျန်သည်။
နက္ခတ် (၂၇) လုံးတို့သည် ရာသီစက်လှည့်၍ အစဉ်အတိုင်း တစ်ရာသီမှ တစ်ရာသီ ကူးဝင်ကြရာ တစ်ရာသီလျှင် နှစ်လုံး၊ တစ်ပါဒ်အားဖြင့် ၁၂ ရာသီတွင် နက္ခတ်စက် တစ်ပတ်လည်မိ၍ တစ်နှစ်ဟုခေါ်သည်။ ၁၂ ရာသီစန်းယှဉ် နက္ခတ်များမှာ ရာသီအလိုက် (၁၂) လုံးရှိသည်။