ရဟန်းတို့ မလုပ်အပ်သော အနေသန (၂၁) ပါး အကျယ်

၁။ ဝေဇ္ဇ - လူအများ ဆေးကု၍ ပစ္စည်းရှာခြင်း။
၂။ ဒူတ - လူတို့၏ ခရီးရှည် တမန်လုပ်ခြင်း။
၃။ ပဟိဏက - လူတို့၏ အနီးအနား အစေအခိုင်းခံခြင်း။
၄။ ဂဏ္ဍပါလ - အနာဓားခွဲပေးခြင်း။
၅။ အရုမက္ခန - ဆေးလိမ်းပေးခြင်း။
၆။ ဥဒ္ဓံဝိရေစန - ပျို့အန်ဆေးပေးခြင်း။
၇။ အဓော ဝိရေစန - ဝမ်းနုတ်ဆေး ပေးခြင်း။
၈။ နတ္ထုတေလိက - နှာနှပ်ဆီချက်ပေးခြင်း။
၉။ ဝဏတေလိက - မျက်စဉ်းပေးခြင်း။
၁၀။ ဝေဠု - ဝါး ပေးခြင်း။
၁၁။ ပတ္တ - သစ်ရွက် သက်ငယ် ဓနိ ပေးခြင်း။
၁၂။ ပုပ္ဖ - ပန်း ပေးခြင်း။
၁၃။ ဖလ - စားဖွယ် သစ်သီး ပေးခြင်း။
၁၄။ နှာန - ရေချိုးဆပ်ပြာ ပေးခြင်း။
၁၅။ ဒန္တ - ဒန်ပူ ပေးခြင်း။
၁၆။ မုခေါဒက - မျက်နှာသစ်ရေ ပေးခြင်း။
၁၇။ ဇဏ္ဏ - မျက်နှာချေ ပေါင်ဒါ ပေးခြင်း။
၁၈။ မတ္တိက - မြေညက် ပေးခြင်း။
၁၉။ စာဋု - မိမိကိုယ်ကို အောက်ချ၍ ခင်ဗျား၊ ကျွန်တော် ပြောခြင်း။
၂၀။ မုဂ္ဂ - လိမ်လည်ဝါကြွား၍ ပြုလုပ်ပြောဆိုခြင်း။
၂၁။ ဘဋု - ကလေးထိန်းများကဲ့သို့ ကလေးကို ချီပွေ့ခြင်း။
(ဓမ္မသင်္ဂဏီ ဋီကာ)

တစ်နည်း

၁။ အံ့ဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း။
၂။ ပစ္စည်းလာဘ်လာဘ ရအောင်ဆွယ်၍ ပြောခြင်း။
၃။ အခြားသူတို့ လှူဒါန်းထားသည်ကို အခြားသူတို့အား သိစေခြင်း။
၄။ အခြားသူတို့၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောစေခြင်း။
၅။ တစ်နေရာမှ ရသောပစ္စည်းကို အခြားတစ်နေရာ၌ ပေးကမ်းခြင်း။
၆။ သစ်သားပေးခြင်း။
၇။ ထန်းရွက်၊ သက်ငယ် စသည်ပေးခြင်း။
၈။ ရေချိုးရာ အသုံးပြုသော ဆပ်ပြာမှုန့် စသည်ကို ပေးခြင်း။
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ကျွန်ုပ် ၊ ကျွန်တော် စသည်အားဖြင့် လူတို့အားပြောဆိုခြင်း။
၁၀။ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း။
၁၁။ မျက်နှာသစ်ရေ စသည် ပေးခြင်း။
၁၂။ ကလေးထိန်းပေးခြင်း။
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ ဝင်ရောက်နေထိုင်ခြင်း။
၁၄။ မြေနေရာ ကောင်း၊ မကောင်း ရွေးချယ်ပေးခြင်း။
၁၅။ တိရစ္ဆာန်တို့၏ လက္ခဏာ ကျမ်းအတတ်ကို သင်ပေးခြင်း၊ ရွေးချယ်ပေးခြင်း။
၁၆။ ယောက်ျား၊ မိန်းမတို့၏ လက္ခဏာကောင်းဆိုးကို ဟောပြောခြင်း။
၁၇။ နက္ခတ်ကို ရွေးချယ်ပေးခြင်း။
၁၈။ လူတို့ ခိုင်းစေသည်ကို လုပ်ကိုင်ပေးခြင်း။
၁၉။ လူတို့ သတင်းစကားကို ယူဆောင်၍ ပြောဆိုပေးခြင်း။
၂၀။ စားသောက်ဖွယ်ကို ပေးကမ်းခြင်း။
၂၁။ မိမိအား လှူထားသော ပစ္စည်းကို ပြန်ပေးခြင်း။
(မဟာနိ အရ ရေတွက်ခြင်း။)