ပဉ္စသီခ နတ်သား၏ နောက်ပိုးသီချင်း (၁၄) ပုဒ်

၁။ ချစ်နှမ သူရိယဝစ္ဆသာ... အကြင်နတ်မင်းကြောင့် ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံ၍ ငါ့အား နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေနိုင်သော သင်သည် ဖြစ်ပေါ်၍လာပေ၏၊ သင်၏ဖခင် တိမ္ဗရုသကနတ်မင်းကို ငါရှိခိုးပါ၏။
၂။ ပြိုးပြိုးပြက်အရောင်ထွက်သော ချစ်နှမ.... ချွေးထွက်နေသူတို့သည် လေအေးကို နှစ်သက်သကဲ့သို့ ရေငတ်နေသူတို့သည် ရေအေးကို နှစ်သက်သကဲ့သို့ ရဟန္တာတို့သည် (လောကုတ္တရာ) တရားကို နှစ်သက်တော်မူသကဲ့သို့ ငါသည် သင်ကို ချစ်ကြိုက်လျက်ရှိပါ၏။
၃။ ချစ်နှမ.... ဆေးသည်သူနာ၏ ရေဂါကိုငြိမ်းစေသကဲ့သို့ အစာသည် ငတ်မွတ်နေသူ၏ ဆာလောင်ခြင်းကို ငြိမ်းစေသကဲ့သို့ ငါ၏ အချစ်မီးကို ငြိမ်းစေပါလော။
၄။ ချစ်နှမ.... အလွန်ပူအိုက်သော ဆင်ပြောင်ကြီးသည် ကြာဝတ်မှုံပြွမ်းလျက် အေးမြသော ရေရှိသည့် ရေကန်ထဲသို့ (သက်ဆင်းသကဲ့သို့) ငါသည် သင်၏ ရင်ခွင်ထဲသို့ သက်ဆင်းလိုပါ၏။
၅။ ချစ်နှမ.... ချွန်းအုပ်မရအောင် အမုန်ကျနေသော ဆင်သည် လှံလျင် လှံမကိုငါနိုင်ပြီဟု မာန်ယစ်လျက် မည်သည့်အကြောင်းကိုမျှ မသိသကဲ့သို့ လက္ခဏာနှင့် ညီညွတ်သည့်ပေါင်ရှိသော သင်နှမကြောင့် အချစ်မာန်ယစ်မူးနေသော ငါသည် မည်သည့်အကြောင်းကိုမျှ မသိတော့ပါ။
၆။ ချစ်နှမ.... ငါ၏စိတ်သည် သင်နှမအပေါ်၌ တဖက်သတ် တိမ်းညွတ်စွဲမက်နေချေပြီ၊ ငါးမျှားချိတ်ကို မျိုမိသော ငါးကဲ့သို့ပင် (ငါ၏စိတ်ကို) ပြန်လည်ဆုတ်စေရန်မ စွမ်းနိုင်တော့ပါ။
၇။ တင့်တယ်သော ပေါင်ရှိသော ချစ်နှမ.... ငါ့ကို ဖက်လှည့်ပါလော့၊ မခို့သရို့ ကြည့်လေ့ရှိသော ချစ်နှမ.... ငါ့ကို ဖက်လှည့်ပါလော့၊ ဤသို့ဖက်ခြင်းကို ငါသည် အလွန်ပင် တောင့်တလျက်ရှိပါ၏။
၈။ ချစ်နှမ....ငါ၏ ချစ်ခင်တပ်မက်မှုသည် ပကတိအားဖြင့် အနည်းငယ်မျှဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်၌ လှူဒါန်းခြင်း ဒါနစေတနာသည် အတိုင်းမသိ တိုးပွားသသကဲ့သို့ အဖျားကော့သော ဆံပင်ရှိသည့် သင်နှမ၌ ငါ၏ ချစ်ခင်တပ်မက်မှုသည် အမျိုးမျိုး တိုးပွားဖြစ်ပေါ်လျက်ရှိပါ၏။
၉။ အလုံးစုံသော ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသောချစ်နှမ.... သည်းခံခြင်းစသည့် တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော မြတ်စွာဘုရားတို့၌ ပြုခဲ့သော ငါ၏ကောင်းမှုဟူသမျှသည် သင်နှမနှင့်အတူ အကျိုးပေးပါစေသတည်း။
၁၀။ အလုံးစုံသော ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသောချစ်နှမ... ဤမြေပြင်၌ ငါပြုထားသော ကောင်းမှုဟူသမျှသည် သင်နှမနှင့်အတူ အကျိုပေးပါစေသတည်း။
၁၁။ ချစ်နှမ သူရိယဝစ္ဆသာ.... သာကီဝင်မင်းသား မြတ်စွာဘုရားသည် ဈာန်ဖြင့် တစိတ်တည်းရှိလျက် သတိပညာနှင့်ယှဉ်လျက် အမြိုက်နိဗ္ဗာန်ကိုရှာသကဲ့သို့ ငါသည် သင်ကိုရှာ၍နေပါ၏။
၁၂။ ကောင်းခြင်လက္ခဏာနှင့် ပြည့်စုံသောချစ်နှမ.... မြတ်စွာဘုရား မြတ်သောသမ္ဗောဓိဉာဏ်သို့ရောက်၍ ဝမ်းမြောက်တော်မူသကဲ့သို့ ဤအတူပင် ငါသည် သင်နှင့်ပေါင်းသင်းရသည်ဖြစ်၍ ဝမ်းမြောက်ရပါစေသား။
၁၃။ ချစ်နှမသူရိယဝစ္ဆသာ.... တာဝတိံသာနတ်တို့၏ အရှင်သိကြားမင်းသည် ငါ့အား လိုရာဆုကိုပေးခဲ့လျှင် ငါသည် သင်နှမကိုသာ တောင်းယူပါအံ့၊ ငါ၏ ချစ်ကြိုက်ခြင်းသည် ဤမျှလောက် ခိုင်မြဲလျက်ရှိပါ၏။
၁၄။ လိမ္မာရေးခြားရှလှပေသောချစ်နှမ.... ဤသို့ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသည့်သမီးရတနာရှိသောပွင့်သစ်စအင်ကြင်းပင်သဖွယ်တင့်တယ်သောသင့်ဖခင်တိမ္ဗရုသကနတ်မင်းကြီးကိုဦးညွတ်ရှိခိုးပါ၏ဟု(သီဆို၏။)တိမ္ဗရုသကနတ်မင်းကြီး၏သမီးသူရိယဝစ္ဆသာအမည်ရှိသောဒေဝစ္ဆရာနတ်ကညာကိုပဉ္စသီခနတ်သားသည်ဗေဠုဝနတ်စောင်းကိုတီးလျက်သီဆိုသောနတ်နောက်ပိုးသီချင်း (၁၄) ပုဒ်ဖြစ်သည်။
(ဒီဃနိကာယ်မဟာဝါပါဠိတော် သက္ကပဉ္စသုတ်) ၁၄-ပါးသောတရားကားနိဋ္ဌိတံ။