သူမိုက်ကြီး (၁၀) ယောက်

၁။ မုန့်ဆန်းစား ဟူသည် ရှေးအခါ လူတစ်ယောက်သည် မုန့်ဆန်းစားနေရာ ယောက္ခမက မေးသော် မုန့်ဆန်းကို အာလုပ်တွင် အပြည့်ငုံလျက် ယောက္ခမကို ရှက်သဖြင့် ပါးရောင်သည်ဟု ပြော၏။ ယောက္ခမလည်း ပါးရောင်သည်ကို စူးထိုးမှသာ ပေါက်မည်ဆိုသော် အထိုးခံ၍ စူးထိုးမှ ထိုးသောအပေါက်က မုန့်ဆန်းထွက်၍ ယောက္ခမ သိလေသည်။
၂။ မေးမှာမျိုးနွယ် ဟူသည်ကား မိန်းမနှစ်ယောက် သွားသည်ကို လူတစ်ယောက်က အရှင်မတို့ ဘယ့်နှယ်တော်ကြသနည်းဟု မေးရာ မိန်းမကြီးက ကျွန်ုပ်တို့ ဦးရီးကို သည်သူငယ်မဦးရီးက ဦးရီးတော်ဟု ပြောသဖြင့် ထိုသူက ညီအစ်မဟု ဖြေလေသည်။ (အမှန်ကား သားအမိ)
၃။ ရေဆယ် ဟူသည်ကား ရေနစ်နေသူကို အရမ်းဆယ်သောကြောင့် နှစ်ယောက်စလုံး သေရ၏။
၄။ ဝံကူ ဟူသည် လူကိုဝံကကိုက်ရာ နောက်က နေ၍ မကူ၊ ရှေ့က ကူမိသောကြောင့် သူ့ကိုပါ အကိုက်ခံရ၍ သေလေ၏။
၅။ မီးယူ ဟူသည်ကား လူမိုက်သည် ပုဆိုးနှင့် မီးကို ညှိယူခဲ့သောကြောင့် မီးလောင်၍ သေရသည်။
၆။ သစ်ခုတ် ဟူသည် သူတစ်ယောက်သည် သူတပါး သစ်ပင်ခုတ်ရာ ခေါင်းနှင့်ဝင်၍ ခံသောကြောင့် သေရသည်။
၇။ ပုန်းစလုပ် ဟူသည် အမှိုက်စင်ကြယ်ရာ မပုန်းဘဲ အမှိုက်တောမှာ ပုန်းသောကြောင့် မြွေကိုက်၍ သေရသည်။
၈။ ပဲပြုတ်ဟူသည် ပဲအသွေ့ကို ဝယ်၍ ပေါ့ပေါ့ထမ်းရမည်ကို ပြုတ်၍ ထမ်းသောကြောင့် ဝန်းလေးတွေ့ရသည်။
၉။ ဆေးပေါင်းဟူသည်ကား ပျားရည်တစ်လက်ဖက်နှင့် ရှားစောင်းစေးတစ်စက် ပေါင်းရမည်ကို ရှားစောင်းစေးတစ်လက်ဖက်နှင့် ပျားရည်တစ်စက်ပေါင်း၍ လူနာကို တိုက်သဖြင့် သေရလေသည်။
၁၀။ သမင်ရောင်းဟူသည်ကား မုဆိုးတစ်ယောက်သည် သမင်ကြီးတစ်ကောင်၊ သမင်ငယ်တစ်ကောင်ကို ရောင်းမည်လာရာ လူတစ်ယောက်က အဖိုးကို မေးသဖြင့် အကြီးနှစ်ကျပ်၊ အငယ်တစ်ကျပ်ဟု ပြောသော် အငယ်ကို တစ်ကျပ်ပေး၍ ဝယ်ပြီးမှ တစ်ဖန် အကြီးကို ဝယ်သော် နှစ်ကျပ်ဟုဆိုလျှင် အခုန တစ်ကျပ်ပေးပြီးပြီ အခု သမင်ငယ်ကို တစ်ကျပ်နှင့်ထား၍ ရောင်းပါဟု ပြောပြီး ဝယ်သွားလေ၏။