စုန်း (၇) မျိုး


၁။ ခြေစုန်း - ၎င်းကား သစ်သီးပွင့်ကို စားသည်။ ခြေကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို ရွာသူ ဟု သမုတ်သည်။
၂။ ခေါင်းစုန်း - ၎င်းကား သစ်သီးမှည့် အချိုအချဉ်ကို စားသည်။ ကိုယ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်။ ၎င်းကို နဖားထပ် ဟု သမုတ်သည်။
၃။ ကိုယ်စုန်း - ၎င်းကား မစင်ချေးခြောက်ကို စားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်။ ၎င်းကို ဆင်ကွပ် ဟု သမုတ်သည်။
၄။ မောက်လုံးစုန်း - ၎င်းကား အသွေးအသား အရေကို စားသည်။ ကိုယ်တိုင်မြင်ရ၊ ထိရ၊ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို စုန်း ဟု သမုတ်သည်။
၅။ မောက်ပြားစုန်း - ၎င်းကား အူ အသည်း အမြစ်တို့ကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို ရွာသမီး ဟု သမုတ်သည်။
၆။ အိန့်တလိန့်စုန်း - ၎င်းကား အကြော်အလှော် အဆိမ့်အအိမ့်တို့ကို စားသည်။ မိမိလက်အောက်ရှိ ၃၇ မင်းနတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ၎င်းကို ဇော်ဂနီ ဟု သမုတ်သည်။
၇။ ကဝေမြောက်စုန်း - ၎င်းကား လူသွေး လူသား လူရိုးတို့ကို စားသည်။ အမည်နာမကို သိက မိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ၎င်းကို ကဝေ ဟု သမုတ်သည်။

မှတ်ချက် ။ ။ ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း ၎င်းသုံးယောက်တို့ကား သူတစ်ပါးကို သေအောင် မဖမ်းစား မကြံစည်နိုင်ကြကုန်။ မောက်လုံး၊ မောက်ပြား၊ အိန့်တလိန့်၊ ကဝေမြောက် ၎င်းလေးယောက်သော စုန်းတို့ကား သူတစ်ပါးကို သေအောင် ဖမ်းစားကြံစည်နိုင်သော တန်ခိုးသတ္တိ ရှိကြကုန်၏။ ထို့ပြင် စုန်းမျိုး (၇၈) မျိုးကို လောကီအင်္ဂုတ္တရ်ကျမ်းရင်းကြီး၌လည်း ပြသေးသည်။